ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံရ၊ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခံရသူများကို နေရပ်ပြန်ပို့မည်
- Jun 14, 2025
- 1 min read

မဲဆောက်၊ ဇွန် ၁၂
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် မြန်မာရွှေ့ ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံရပြီး ထိုင်းအာအာဏာပိုင်များက ဖမ်းဆီးရမိသူ လုပ်သားများကို နေရပ်ပြန်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၁ ရက် မွန်းလွှဲပိုင်းက ချွန်ဘူရီခရိုင်၊ ဘန်လမုန်မြို့နယ်နှင့် ဖတ်ထယာမြို့နယ်တို့တွင် ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်ပြီး၊ ၎င်းတို့သည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိခြင်း၊ အလုပ် ဟောင်းမှ အလုပ်သစ်သို့ပြောင်းရွှေ့လုပ်ကိုင်ရာ၌ သက်ဆိုင်ရာ အလုပ်သမား စီမံခန့်ခွဲရေးဌာနသို့ တင်ပြထားခြင်းမရှိ၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် ထိန်း သိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ပြီးသည်နှင့် နေရပ်ကိုပြန် လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ထိုင်းနိုင်ငံက အရင်လို မဟုတ်တော့ဘူး။ တရားမဝင် အလုပ်သမားတွေကို နေ့တိုင်းဖမ်းဆီးနေတယ်။ ထိုင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ အစစအရာရာ သတိပြုပြီး နေထိုင်ရမယ်။ ကိုယ်က တရားမဝင် လုပ်သားဖြစ်နေရင် အလုပ်နဲ့ပတ်သက်တဲ့ အရာတွေ ဆိုရှယ်မီဒီယာမှာ မတင်သင့်ဘူး" ဟု ထိုင်းရောက် မြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးက ပြောသည်။
ထိုင်းအာဏာပိုင်များသည် တရားမဝင် အလုပ်သမားပပျောက်ရေး စီမံချက်ဖြင့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် စောင့်ကြည့်၍ ဖမ်းဆီးခြင်း၊ အလုပ်ရုံ၊ စက်ရုံများနှင့် ဈေးဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းများပြုလုပ်နေသည်။
Credit: Myawaddy & MaeSot



Comments